84 views 2020-05-04

မင်္ဂလာပါ…

၂၀၂၀ ခုနှစ် မတ်လအတွက် သတင်းလွှာရယူဖို့ အချိန်ကျရောက်လို့လာပါပြီ။ ယခုအချိန်ဟာ Covid-19 ကြောင့် အားလုံးခက်ခဲနေကြတဲ့အချိန်ဖြစ်ပါပြီး အားလုံးကို အိမ်ထဲမှာပဲနေကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်အနေဖြင့်လည်း အားလုံးကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

လစဉ်လတိုင်း ကွန်ရက်အဖွဲ့ဝင်များ၊ ကွန်ရက်၏ အသိမိတ်ဆွေများ သို့မဟုတ် ဝန်ထမ်းများအား ၄င်းတို့၏ GEN နှင့် ပတ်သက်သော အတွေ့အကြုံ စကားလက်ဆောင်များ ပါဝင်မျှဝေပေးပါရန် ဖိတ်ခေါ်လေ့ရှိပါတယ်။ ယခုလ လစဉ်သတင်းလွှာမှာတော့ တက်ကြွတဲ့ INGO အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ Christian Aid ရဲ့ GEN နှင့် ပတ်သတ်သည့် အတွေ့အကြုံများနဲ့ ရင်တွင်းစကားများကို မျှဝေထားပါတယ်။

ကျားမရေးရာ တန်းတူညီမျှရေးကွန်ရက်မှ နှုတ်ခွန်းဆက်သလိုက်ပါတယ် ရှင်။

ဒီအချိန်အခါသမယဟာ အားလုံးကို ကျန်းမာခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ ၀မ်းမြောက်ရွှင်လန်းခြင်းတို့ ယူဆောင်လာပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ၂၀၂၀ နှစ်အစမှာ ကျွန်မတို့အများစုကတော့ လုပ်ငန်းတွေနဲ့ မအားမလပ်ဖြစ်နေကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီလိုဘဝတွေကို ကျင်လည်ရင်း အားလုံးဟာ ဘဝရဲ့ အတက်အကျတွေကို ခံစားဖူးကြမှာပါ။ ဒါပေမယ့် လဲနေရာမှပြန်ထလာနိုင်စွမ်းရှိသူတွေကတော့ သွားမြဲတိုင်းသွားနိုင်ပြီး ခံနိုင်မှုစွမ်းရည်ပိုမိုမြင့်မား လာကြပါတယ်။ လူတစ်ဦးရဲ့ ခံနိုင်ရည်မှုစွမ်းရည်ကို တည်ဆောက်ရာမှာ သူ့ကို ပံ့ပိုးပေးနေတဲ့  ပတ်ဝန်းကျင်နဲ့ အခြေအနေတွေလိုအပ်ပါတယ်။ သို့သော် တချို့သောသူများကတော့ ဒီလိုပတ်ဝန်းကျင်တွေရဲ့ အထောက်အပံ့နဲ့ အခွင့်အရေးတွေ ကို မရကြပါဘူး။

ကျွန်မတို့ရဲ့ ကျားမရေးရာ တန်းတူညီမျှရေးကွန်ရက်ဟာ ဒီလို အထောက်အကူဖြစ်စေမယ့် ပတ်ဝန်းကျင်တွေကိုဖန်တီးပေးနေတာဖြစ်ပါတယ်။ ကျွန်မတို့ဟာဂျန်ဒါမတူကွဲပြားသူများအားလုံးအတွက် အကာအကွယ်ဖြစ်စေပြီး ညီမျှမှုကို  အထောက်အကူပြုစေမယ့် ဥပဒေတွေကို ထောက် ခံတင်ပြခြင်းလုပ်ငန်းတွေကိုလုပ်ဆောင်နေပါတယ်။ ဒါ့အပြင် အများပြည်သူရဲ့ ကျားမရေးရာ တန်းတူညီမျှမှု အသိအမြင်ပွင့်လင်းစေပြီး ဂျန်ဒါမတူကွဲပြားသူများအားလုံးကိုလက်ခံလာနိုင်ဖို့နဲ့   ခွဲခြားဆက်ဆံမှုတွေ  လျော့ကျစေဖို့ အစီအစဉ်တွေလဲ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီအစီအစဉ်တွေအားလုံးကို ပြီးပြည့်စုံပြီး အားကောင်းစေဖို့ အဖွဲ့ဝင်များအားလုံးရဲ့ ပူးပေါင်းပါ၀င်မှုအင်အားနဲ့   ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ကျားမရေးရာ တန်းတူညီမျှရေးကွန်ရက်ဟာ အဖွဲ့ဝင်များအားလုံးအတွက် လုံခြုံစိတ်ချရပြီး မညီမျှမှုကိစ္စတွေကို ဆွေးနွေးနိုင်တဲ့ အဖိုးမဖြတ်နိုင်တဲ့ နေရာတခုဖြစ်ပါတယ်။

ကျွန်မတို့ရဲ့လုပ်ငန်းတွေထဲမှာ LGBTI တွေရဲ့ အခွင့်အရေးတွေရရှိနိုင်ဖို့လုပ်ကိုင် နေတဲ့ အစီအစဉ်တွေဟာလဲ အရေးကြီးတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ LGBTI တွေဟာ သူတို့ရဲ့ ကျားမရေးရာခံယူချက်ကြောင့် မကြာခဏ ခွဲခြားဆက်ဆံခံကြရပါတယ်။ ဒီလိုခွဲခြားမှုတွေဟာ သူတို့ရဲ့နေ့စဉ် အသက်တာကို ထိခိုက်မှုရှိသလို တခါတရံ သူတို့ရဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်လာတဲ့အခြေအနေတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ကျားမရေးရာ တန်းတူညီမျှရေးကွန်ရက်ဟာ LGBTI rights network နဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံအနှံ့မှ LGBTI အဖွဲ့များနဲ့ တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲ တွေကနေ ထွက်ပေါ်လာတာကတော့ ပီနံကုတ် ၃၃၇ ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ LGBTI တွေကို ခွဲခြားဆက်ဆံမှုဖြစ်စေပြီး၊ အန္တရာယ်ဖြစ်စေနိုင်တာပါဘဲ။ ဒီဆွေးနွေးပွဲကနေ မူဝါဒအကျဉ်း တစ်စောင်နဲ့ ထောက်ခံတင်ပြမှုနည်းဗျုဟာတွေကို  ရေးသားပြုစုခဲ့ပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး နေပြည်တော်မှ လွှတ်တော်အမတ်များ နှင့်လည်းဆွေးနွေးခဲ့ ပါတယ်။ ထို့အတူ အများပြည်သူများရဲ့အားပေးထောက်ခံမှုရရှိစေဖို့ အတွက် လုပ်ငန်းတွေကိုလည်းဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုတွေအောင်မြင်ဖို့နဲ့  မြန်မာလူမှုရေးအသိုင်းအဝိုင်းမှ ဂျန်ဒါ ကွဲပြားမှုအပေါ် အမြင်ကြည်လင်လာစေဖို့ မိတ်ဆွေတို့ရဲ့ အားပေးကူညီမှုတွေကို ကျွန်မတို့ရဲ့ ကျားမရေးရာ တန်းတူညီမျှရေးကွန်ရက်မှတောင်းခံပါရစေ။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ပါ၀င်လှုပ်ရှားနိုင်ဖို့ သတင်းတွေကိုလည်းဆက်လက်နားစွင့်ထားကြဖို့ မေတ္တာရပ်ခံလိုက်ရပါတယ်ရှင်။

GEN’S HIGHLIGHTS

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အိမ်အကူအလုပ်သမားများအား ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေးအား Gender Resource Center တွင် တက်ရောက်သူ ၁၃ ဦးနှင့် ပြုလုပ်ခဲ့ပါသည်။ အဆိုပါလုပ်ငန်းအဖွဲ့အား ပြည်တွင်းအဖွဲ့အစည်း (၇) ခု၏ ပါဝင်မှုဖြင့် International Labor Organization မှစတင်ကာ ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ လုပ်ငန်းအဖွဲ့အစည် တည်ထောင်ခဲ့ချိန်မှ စတင်၍ အစည်းအဝေးများကို ပုံမှန်ပြုလုပ်ခဲ့ပြီး သုတေသန, ဥပဒေဆိုင်ရာ ဆန်းစစ်ချက်နှင့် စည်းရုံးလှုံ့ဆော်သည့် ဆွေးနွေးပွဲများကို ပြုလုပ်ခဲ့ပါသည်။ ယခုတစ်ကြိမ် အစည်းအဝေးတွင် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် လုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့သော ပြည်တွင်းပြည်ပ အလုပ်သမားရေးရာကော်မတီဝင်များနှင့်တွေ့ဆုံဆွေးနွးချက်များကိုသော်လည်းကောင်း၊ အမျိုးသမီးလွှတ်တော်အမတ်များနှင့် တွေ့ဆုံဆွေးနွေးချက်များကိုသော်လည်းကောင်း တင်ပြဆွေးနွေးခဲ့ကြပါသည်။ လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် လာမည့်နောက်ခြောက်လအတွက် လုပ်ငန်းအစီအစဉ်နှင့် အချိန်စာရင်းတို့ကို ရေးဆွဲခဲ့ပါသည်။

ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်နှင့် DCA NCA တို့သည် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ မြစ်ကြီးနားမြို့ရှိ Cartel Hotel တွင် Refresher Social Accountability and Good Governance workshop အား ပြုလုပ်ခဲ့ပါသည်။ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း နှင့် မိုးညှင်းမြို့နယ်ရှိ မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် မြို့နယ်အုပ်ချူပ်ရေးမှုးနှင့် လူမှုဝန်ထမ်းဦးစီးဌာနများ၊ ဗန်းမော်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်းနှင့် မိုးညှင်းမြို့နယ်ရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းပေါင်း (၁၅) ဖွဲ့ တက်ရောက်ပါဝင်ခဲ့ပြီး တက်ရောက်သူ (၄၈) ဦးရှိခဲ့ပါသည်။ ပထမနေ့တွင် ပြီးခဲ့သည့် SAG ပွဲတွင် ရေးဆွဲထားခဲ့သော ပြည်သူ့ရေးရာ တာဝန်ခံယူမှုဆိုင်ရာ လုပ်ငန်းအစီအစဉ်များအား Governance ရှုထောင့်မှ ပြန်လည်ဆန်းစစ်ခြင်းနှင့် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသော လုပ်ငန်းအစီအစဉ်များအား gender ရူထောင့်မှ သုံးသပ်ခြင်း၊ ဒုတိယနေ့တွင် နိုင်ငံတော်အဆင့် (NSPAW, MNCW, CEDAW and TWGs, MSDP) ကိုရှင်းလင်းတင်ပြခြင်း၊ ဒေသဆိုင်ရာအုပ်ချူပ်မှုစနစ်တွင် လက်တွေ့သရုပ်ဖော်ခြင်းနှင့် gender ရူထောင့်မှသုံးသပ်ခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ တတိယနေ့တွင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပုံစံများအား ပြုပြင်ပြောင်းလဲရေး၏ ကောင်းကျိုး၊ ဆိုးကျိုးများ နှင့်လိုအပ်ချက်များကို ရှင်းလင်းတင်ပြခြင်းနှင့် တက်ရောက်သည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် အပြန်အလှန်လက်တွေ့သရုပ်ဖော်လေ့ကျင့်ခြင်းတို့ဖြစ်ပါသည်။ တက်ရောက်လာသည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်အစိုးရဌာနဆိုင်ရာများတွေ့ဆုံကာ ဌာနဆိုင်ရာများ၏အခက်အခဲများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏အခက်အခဲများ အချင်းချင်းမျှဝေဆွေးနွေးခဲ့ပါသည်။ (EU)

မြန်မာနိုင်ငံအတွင်း ကျား၊မ ရေးရာ တန်းတူညီမျှမှုအတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးစီမံကိန်း၏ ဂျဲန်ဒါကို ထည့်သွင်းစဉ်းစားသည့် မူဝါဒဆိုင်ရာ စကားပြော ဆွေးနွေးပွဲအား ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် Hotel Mandalay ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာန၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါသည်။ အဖွင့်အမှာစကားအဖြစ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်စိုးမှ ပြောကြားပေးခဲ့ပြီး ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်မှ စီမံကိန်းမန်နေဂျာ ဒေါက်တာထက်ဝေဦးမှ စီမံကိန်းအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် မူဝါဒရေးရာ ညိနှိုင်းရေးမှူး မမိုင်သီတာအေးကျော်မှ ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲသည် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ မန္တလေးတိုင်းဒေသကြီးအတွက် ကျား၊ မ တန်းတူညီမျှမှုရရှိစေရန်အတွက် ပူးပေါင်းဆွေးနွေးထားသည့် ကိစ္စရပ်များကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသတွင်းရှိ ဌာနဆိုင်ရာများအား ရှင်းလင်းတင်ပြခြင်း နှင့် ပူးပေါင်းလုပ်ဆောင်ရန်အတွက် နည်းလမ်းများတောင်းခံခြင်း စသည်တို့ကို ဆွေးနွေးနိုင်ရန် ရည်ရွယ်ပါသည်။ ဆွေးနွေးပွဲအား တက်ရောက်သူ ၃၆ ဦး (မ ၂၀၊ ကျား ၁၄၊ အခြား ၂) ရှိခဲ့ပြီး ဆွေးနွေးပွဲအား ဥရောပသမ္မဂ္ဂမှ ကူညီပံ့ပိုးပေးထားခြင်းဖြစ်ပါသည်။ (EU)

ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်သည် ၂၀၂၀ ခုနှစ် မတ်လ ၆ ရက်၊ ၇ ရက်နှင့် ၈ ရက်နေ့များတွင် GBV working group, Famers’ Organization Mohnyin နှင့် Myikyina Township Leadership Group တို့မှ ကျင်းပပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားများတွင် ပါဝင်ခဲ့ပါသည်။ GBV working group မှ မြစ်ကြီးနားတက္ကသိုလ်၊ ဘူတာရုံ၊ ကားကွင်း၊ ဈေးနှင့် လေဆိပ်များတွင် ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်စတစ်ကာကမ်ပိန်းတွင် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်မှ ထုတ်ဝေထားသည့် IEC များကို အများပြည်သူအား မျှဝေပေးခဲ့ပါသည်။ (LIFT)

 

မြန်မာနိုင်ငံအတွင်း ကျား၊ မ ရေးရာ တန်းတူညီမျှမှုအတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး စီမံကိန်း၏ ဂျဲန်ဒါကို ထည့်သွင်းစဉ်းစားသည့် မူဝါဒဆိုင်ရာ စကားပြော ဆွေးနွေးပွဲအား ၂၀၂၀ ခုနှစ်၊ မတ်လ ၁၂ နှင့် ၁၃ ရက်နေ့များတွင် တောင်ကြီးမြို့ရှိ ချယ်ရီကွင်းဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာန၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ရှမ်းပြည်နယ်တွင်း ကျား၊ မ တန်းတူညီမျှမှုရရှိစေရန်အတွက် ပူးပေါင်းဆွေးနွေးထားသည့် ကိစ္စရပ်များကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသတွင်းရှိ ဌာနဆိုင်ရာများအား ရှင်းလင်းတင်ပြခြင်းနှင့် ပူးပေါင်းလုပ်ဆောင်ရန်အတွက် နည်းလမ်းများတောင်းခံခြင်း စသည်တို့ကို ဆွေးနွေးနိုင်ရန် ဖြစ်ပါသည်။ အဖွင့်အမှာစကားအဖြစ် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်မှ Head of Program ဒေါက်တာဥက္ကာရှိန်မှ စီမံကိန်းအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မူဝါဒရေးရာ ညိနှိုင်းရေးမှူး မမိုင်သီတာအေးကျော်မှ ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲအား တက်ရောက်သူ ၄၇ ဦး (မ ၂၄၊ ကျား ၂၁၊ အခြား ၂) ရှိခဲ့ပြီး ဆွေးနွေးပွဲအား ဥရောပသမ္မဂ္ဂမှ ကူညီပံ့ပိုးပေးထားခြင်းဖြစ်ပါသည်။ (EU)

 

ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်သည် မဇ္စျိမ မီဒီယာမှတစ်ဆင့် Covid-19 and Gender Talk Show အစီအစဉ်အား ၂၀၂၀ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် စီစဉ်ပြုလုပ်ခဲ့ပါသည်။ Talk Show အစီအစဉ်သည် Covid-19 ရောဂါမှ မြန်မာနိုင်ငံရှိ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းမှုနယ်ပယ်များရှိ အမျိုးသမီးနှင့် အမျိုးသားတို့၏ ဘဝအား မတူညီစွာ မည်သို့သက်ရောက်ပုံကို အဓိကဆွေးနွေးခြင်းဖြစ်ပါသည်။ ဒေါက်တာဖြိုးသီဟ (စာရေးဆရာ၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူ) မှ အမျိုးသမီး ကျန်းမာရေးထောက်ပံ့သူများသည် လုပ်ငန်းခွင်နှင့် ကိုယ်ပိုင်ဘဝများတွင် မည်သို့စိန်ခေါ်မှုများ ကြုံတွေ့နေရကြောင်းကို ဆွေးနွေးခဲ့ပါသည်။ မဖြိုးစန္ဒာစိုး (အထွေထွေအတွင်းရေးမှုး၊ CTUM) မှ Covid-19 ရောဂါသည် အလုပ်သမားဈေးကွက်အား မည်သို့သက်ရောက်မှုရှိပုံ၊ အမျိုးသမီးအလုပ်သမားများ၏ စိန်ခေါ်မှုများနှင့် အမျိုးသမီးအလုပ်သမားများအနေဖြင့် ယခုရက်ပိုင်းတွင် အထူးသဖြင့် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုနှင့်သက်ဆိုင်သည့်ဝန်ဆောင်မှုအပါအဝင် ဝန်ဆောင်မှုများ မည်သို့မရရှိပုံကို ဆွေးနွေးခဲ့ပါသည်။ ဒေါ်နွယ်ဇင်ဝင်း (ပူးတွဲသဘာပတိ၊ ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်) မှ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းမှုကိစ္စရပ်များအပေါ်တွင် ဂျဲန်ဒါရှုထောင့်မှ ဆွေးနွေးခဲ့ပါသည်။ နောက်ဆုံးတွင် ဆွေးနွေးသူတစ်ဦးစီမှ စိန်ခေါ်မှုများအား ရင်ဆိုင်ဖြေရှင်းရန်အတွက် တစ်ဦးတစ်ယောက်ချင်းစီ၊ ပြည်သူလူထုနှင့် မူဝါဒရေးဆွဲသူများအတွက် အကြံပြုထောက်ခံချက်များပေးခဲ့ပါသည်။ မဇ္စျိမ မီဒီယာသည် ၎င်းအစီအစဉ်အား Mizzima TV program တွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့) ညနေတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။

 

MEMBERS’ HIGHLIGHTS

World Water Day 2020 အကြိုအနေဖြင့် WaterAid Myanmar သည် ရေရရှိရေးအပေါ် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများအတွက် နိုင်ငံအား ပြင်ဆင်ဆောင်ရွက်ရန် မည်သည့်အရာများကို လုပ်ဆောင်ရန်လိုအပ်သည်ကို ဆွေးနွေးရန်အတွက် နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများကို စုပေါင်းကာ စကားဝိုင်းဆွေးနွေးပွဲတစ်ခုအား ပြုလုပ်ခဲ့ပါသည်။ စကားဝိုင်းဆွေးနွေဂပွဲအား The Myanmar Times နှင့်ပူးပေါင်းကာ မတ်လ ၁၇ ရက်နေ့တွင် ဆူးလေရှန်ဂရီလာဟိုတယ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်အဆင့်ကော်မတီများမှ ကိုယ်စားပြုပုဂ္ဂိုလ်များ၊ UN အဖွဲ့အစည်းများ၊ ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စီးပွါးရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။ World Water Day အား ၁၉၉၃ ခုနှစ်မှစတင်ကာ မတ်လ ၂၂ ရက်နေ့တွင် နှစ်စဉ်ကျင်းပကြခြင်းဖြစ်ပါသည်။ ယခုနှစ်တွင် ကျွမ်းကျင်သူများသည် ရေအရင်းအမြစ်များကို မည်သို့ပိုမိုကောင်းမွန်စွာသုံးစွဲရန်၊ ရာသီဥတုပြောင်းလဲမှုသည် ရေရရှိရေးအား မည်သို့ထိခိုက်မှုရှိပုံနှင့် ၎င်းသည် အမျိုးသမီးများအပေါ် အပိုဝန်ထုတ်ဝန်ပိုးဖြစ်စေပုံတို့ကို အဓိကထားဆွေးနွေးခဲ့ပါသည်။

 

MEETINGS AND WORKSHOPS ATTENDED BY GEN’S REPRESENTATIVES

ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ဒါရိုက်တာ ဒေါ်မေစပယ်ဖြူသည် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်အား ကိုယ်စားပြုကာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပုဂံမြို့တွင် ပြုလုပ်ခဲ့သည့် CSO Learning Forum အား တက်ရောက်ခဲ့ပါသည်။

 

ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ဒါရိုက်တာ ဒေါ်မေစပယ်ဖြူသည် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ကျင်းပခဲ့သည့် International Girls in ICT Day အခမ်းအနားတွင် မြန်မာနိုင်ငံရှိ ICT ကဏ္ဍတွင် မိန်းကလေးငယ်များနှင့် အမျိုးသမီးများ ပိုမိုပါဝင်လာစေရေး ဆွေးနွေးသည့် စကားဝိုင်းဆွေးနွေးပွဲတွင် Panellist တစ်ဦးအဖြစ် ပါဝင်ဆွေးနွေးခဲ့ပါသည်။ ယခုလိုပါဝင်နိုင်ရန် ဖိတ်ကြားပေးသည့် Yangon University of Education မှ Organizer Team ကိုလည်း ကျေးဇူးအထူးပင်တင်ရှိပါသည်။

ဒါရိုက်တာ ဉာဏ်ကျယ်စေ၏ “My Life I don’t want” animated short film အားမိတ်ဆက်သည့် “To Our Lives We Want” ကမ်ပိန်းဖွင့်ပွဲအခမ်းအနားအား မတ်လ ၆ ရက်နေ့ JCGV ကန်သာယာ တွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်မှ ဒါရိုက်တာ ဒေါ်မေစပယ်ဖြူမှ တက်ရောက်၍ အဖွင့်အမှာစကားနှင့် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်အနေဖြင့် ကမ်ပိန်းတွင် ပါဝင်ဖြစ်ခဲ့ပုံတို့ကို မျှဝေပြောကြားခဲ့ပါသည်။ အဆိုပါ ကမ်ပိန်းမှ ရရှိလာသောရံပုံငွေများကို ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်မှ ဦးဆောင်၍ မြန်မာနိုင်ငံရှိ အမျိုးသမီးအခွင့်အရေးဆိုင်ရာကဏ္ဍများတွင် ထိရောက်စွာလုပ်ကိုင်ဆောင်ရွက်နေသော အဖွဲ့အစည်းများအား စီစစ်ပြီး ရန်ပုံငွေပံ့ပိုးသွားမည် ဖြစ်ပါသည်။ (LIFT)

 

မတ်လ ၁၅ ရက်နေ့တွင် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ အကြံပေးသည် British Council မှ Lotte Hotel တွင်ကျင်းပပြုလုပ်ခဲ့သည့် “Active Citizens” အခမ်းအနားတွင် အရင်းအမြစ်ဆိုင်ရာပုဂ္ဂိုလ်တစ်ဦးအဖြစ် ပါဝင်ခဲ့ပါသည်။ အခမ်းအနားအား ၎င်းတို့၏ လူမှုရေးဆိုင်ရာခေါင်းဆောင်မှုအစီအစဉ်မှတစ်ဆင့် လေ့ကျင့်သင်ကြားပေးထားသည့် တက်ကြွသည့်နိုင်ငံသားအဖွဲ့ဝင် (၁၅၀) ခန့် တက်ရောက်ခဲ့ကပါသည်။ အကြံပေးသည် “ဂျဲန်ဒါနှင့် တက်ကြွသည့် နိုင်ငံသား” ခေါင်းစဉ်ဖြင့်ဆွေးနွေးမှုအား ဖြစ်မြောက်ရန် ပံ့ပိုးကူညီပေးခဲ့ပါသည်။

ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ဒါရိုက်တာသည် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ဖန်တီးရာ၊ MIDO နှင့် Engage Media တို့မှ စီစဉ်ပြုလုပ်ခဲ့သည့် Myanmar Digital Rights Forum (Women’s Rights Online: Silencing Women in the name of Religion) အား ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်ကို ကိုယ်စားပြုတက်ရောက်ခဲ့ကာ ဆွေးနွေးသူတစ်ဦးအနေဖြင့် ပါဝင်ခဲ့ပါသည်။

 

ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ဒါရိုက်တာသည် NDI မှ ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့တွင် နေပြည်တော်၌ စီစဉ်ပြုလုပ်ခဲ့သည့် အမျိုးသားလွှတ်တော်၏ ဥပဒေပြုကော်မတီနှင့် အစည်းအဝေးအား ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်အား ကိုယ်စားပြုတက်ရောက်ခဲ့ပါသည်။ ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ဒါရိုက်တာသည် PoVAW ဥပဒေမူကြမ်းအတွက် ထောက်ခံချက်များအား ဆွေးနွေးရာတွင် ပါဝင်ခဲ့ပါသည်။

 

၂၀၂၀ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ဒါရိုက်တာသည် အမေရိကန်သံရုံးမှ Park Royal ဟိုတယ်တွင် ပြုလုပ်ခဲ့သော “Women Lead” ဖွင့်ပွဲအခမ်းအနားအား ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်အား ကိုယ်စားပြုတက်ရောက်ခဲ့ပါသည်။

ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ဒါရိုက်တာ ဒေါ်မေစပယ်ဖြူသည် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ကိုယ်စားလှယ်တစ်ဦးအနေဖြင့် WON နှင့် WIN Peace တို့မှ ၂၀၂၀ ခုနှစ် မတ်လ ၈ ရက်နေ့တွင် အင်းယားလိတ်ဟိုတယ်၌ ပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

 

ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ဒါရိုက်တာ ဒေါ်မေစပယ်ဖြူသည် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်အား ကိုယ်စားပြုကာ UN Women မှ ၂၀၂၀ ခုနှစ် မတ်လ ၉ ရက်နေ့တွင် Gothe Institute ၌ စီစဉ်ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။ ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်သည်လည်း အခမ်းအနားစီစဉ်သူတစ်ဦးအနေဖြင့် ပါဝင်ခဲ့ပါသည်။

 

၂၀၂၀ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့၌ ရန်ကုန်မြို့ရှိ Western Park တွင် ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးအတွက် ကျား၊မ တန်းတူရေးမဟာမိတ် အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (NCA-S EAO) မှ ခေါင်းဆောင်များသည် ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ကျား၊မ တန်းတူညီမျှရေး၊ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးရှုထောင့် ပါဝင်လာရေးအတွက် အလွတ်သဘောဆွေးနွေးပွဲတွင် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်မှ ဒါရိုက်တာ ဒေါ်မေစပယ်ဖြူမှ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။

မတ်လ ၂၄ ရက်နေ့တွင် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်ရုံးခန်း၌ ဝန်ထမ်းများစုံညီအစည်းအဝေးအား ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ဒါရိုက်တာမှ ဦးဆောင်ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဝန်ထမ်းများအား ကိုဗစ်- ၁၉ ရောဂါပျံ့နှံ့ခြင်းမှ ကာကွယ်ရန် အစီအစဉ်၊ ဧပြီလအတွက် ကြိုတင်ပြင်ဆင်မှုတို့ကို နှစ်ဦးနှစ်ဖက်ဆွေးနွေးမှုပုံစံဖြင့် ဆွေးနွေးခဲ့ကြပါသည်။

ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ဒါရိုက်တာ ဒေါ်မေစပယ်ဖြူသည် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ၂၀၂၀ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့သော LIFT Fund Board နှင့် Strategic Partners တို့၏ အွန်လိုင်းမှ အစည်းအဝေးကို ပါဝင်တက်ရောက်ခဲ့ပါသည်။

ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ဒါရိုက်တာ ဒေါ်မေစပယ်ဖြူသည် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်၏ ကိုယ်စားလှယ်တစ်ဦးအနေဖြင့် မတ်လ ၃၁ ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့ဝင်များနှင့် တစ်နာရီနှင့် မိနစ် ၅၀ ကြာ ပြုလုပ်ခဲ့သော Zoom အွန်လိုင်းအစည်းအဝေးကို ပါဝင်တက်ရောက်ခဲ့ပါသည်။

 

 

Photo from www.moi.gov.mm.

 

back

Share
Share
Share